Site branding

Home

Main navigation

  • Home
  • လူမှုဘ၀
  • သတင်းနှင့်ဖျော်ဖြေရေး
  • အင်တာဗျုး
  • ရုပ်သံဆောင်းပါး
  • ပေါ့တ်ကတ်စ် (Podcast)
  • ဒစ်ဂျစ်တယ် အသိပညာ
  • Travel (opens in new tab)
  • About Us

Breadcrumbs

Breadcrumb

  • Home
  • နော့စ်တဲလ်ဂျာ၊ သဲနုနဲ့ ဒဲရစ်မေလာ

Main page content

By admin | August 16, 2026
  • 15 views
ဓါတ်ပုံ - အင်တာနက်
လူမှုဘ၀

တချို့က ကိုယ်ငယ်ငယ်တုန်းက ခေတ်ကို ပြန်လွမ်းနေကြတယ်။တချို့ကတော့ ကိုယ်တိုင်တောင် မကြုံဖူးတဲ့ခေတ်ကို လွမ်းနေကြတယ်။ ဒါဆိုရင်စဉ်စားစရာက လူတွေဟာ တကယ်ပဲ အတိတ်ကို ပြန်လိုချင်နေကြတာလား။ ဒါမှမဟုတ် လက်ရှိဘဝထဲမှာ တစ်ချိန်က ရင်းနှီးခဲ့တဲ့ ခံစားချက်တစ်ခုကို ပြန်ရှာနေကြတာလား။ ဒါမှမဟုတ် တခြားဘာဖြစ်နိုင်သေးလဲ။

တစ်ခါတလေ ကိုယ့်ဖုန်းထဲမှာ အရင်က မကြားဖြစ်တာကြာပြီဖြစ်တဲ့ သီချင်းတစ်ပုဒ် ရုတ်တရက် ပေါ်လာတတ်ပါတယ်။

သီချင်းကို ကြားလိုက်တာနဲ့ အတိတ်က အရာတွေကပါ တစ်ခုပြီးတစ်ခု ပြန်ပေါ်လာတယ်။ ကျောင်းဆင်းချိန်မှာ သူငယ်ချင်းတွေနဲ့ အိမ်ကိုလမ်းလျှောက်ခဲ့တာ၊ အိမ်မှာ ကတ်ဆက်တိတ်ခွေ၊ CD ခွေဖွင့်နားထောင်ခဲ့တာ၊ ဖုန်းအဟောင်းတစ်လုံးနဲ့ သီချင်းတွေထည့်နားထောင်ခဲ့တာ၊ ရန်ကုန်လမ်းမပေါ်က ဆိုင်းဘုတ်ဟောင်းတွေ၊ အဲ့ဒီအချိန်က ဝတ်ခဲ့တဲ့အဝတ်အစားတွေ။

တကယ်တော့ ဒီအမှတ်တရတွေနဲ့ အတိတ်တွေက သီချင်းတစ်ပုဒ်ကို ပြန်ကြားလိုက်တာကနေစတာပါပဲ။ ဒါပေမယ့် မေးစရာပေါ်လာတာက ဘာကြောင့် ကိုယ့်ငယ်ဘဝထဲက အချိန်ကာလတစ်ခုလုံးကို ပြန်ရောက်သွားသလို ခံစားရတာလဲ။



 

NOSTALGIA

TikTok၊ Facebook နဲ့ Instagram တွေပေါ်မှာ 1990s နဲ့ 2000s ကို ပြန်ဖော်ပြတဲ့ Video တွေ၊ သီချင်းဟောင်းတွေ၊ အရင်ခေတ် Fashion တွေ၊ Film Camera ပုံစံတွေ၊ ဖုန်းအဟောင်းတွေ၊ CD နဲ့ MP3 Player တွေအကြောင်း Content တွေ တဖြည်းဖြည်း ပိုများလာပါတယ်။

Nostalgia ဆိုတာ အတိတ်က အချိန်တစ်ခု၊ နေရာတစ်ခု၊ သီချင်းတစ်ပုဒ် ဒါမှမဟုတ် Lifestyle တစ်ခုကို ပြန်သတိရပြီး အဲ့ဒီအချိန်နဲ့ ဆက်စပ်နေတဲ့ ခံစားချက်ကို ပြန်ခံစားချင်တာ၊ အဲ့ဒီအချိန်တွေကို ပြန်ရောက်ချင်တာမျိုးပါ။

မကြာသေးခင်က အွန်လိုင်း Video တစ်ခုကို မှတ်မိကြပါလိမ့်ဦးမယ်။ “2000s Burmese childhood” ဆိုတဲ့ Video တစ်ခုမှာ VCD ဆိုင်၊ CD ဆိုင်၊ ဖုန်းအဟောင်း၊ MP3 Player၊ ကျောင်းသုံးစာအုပ်၊ အင်္ကျီပုံစံဟောင်းနဲ့ ရန်ကုန်မြို့ရဲ့ အရင်ခေတ်လမ်းမမြင်ကွင်းတွေကို တစ်စုတစ်စည်းထဲ ပြန်မြင်ရတဲ့အခါ လွမ်းစရာလေးတွေပေါ်လာရပါတယ်။

လူတွေက အဲ့ဒီပစ္စည်းတွေကြားမှာ ရှိခဲ့တဲ့ ကိုယ့်ဘဝရဲ့ အချိန်အစိတ်အပိုင်းလေးတွေကို လွမ်းနေတာ ဖြစ်နိုင်ပါတယ်။ အဲ့ဒီအတွက် Nostalgia ဟာ “အတိတ်ကို သတိရခြင်း” ထက် ပိုပါတယ်။တစ်ခါတလေ ကိုယ်ငယ်ငယ်က ဘယ်လိုပုံစံမျီုးလေးနဲ့ ဘယ်သူဖြစ်ခဲ့ဖူးလဲဆိုတာ ပြန်သတိရနေတာမျိုး လည်း ဖြစ်ပါတယ်။

Gen Z တွေရဲ့ Nostalgia 

၁၉၉၀ ကို ကိုယ်တိုင်မကြုံဖူးတဲ့ လူငယ်တစ်ယောက်က 1990s ရဲ့ Fashion ကို ကြိုက်နိုင်တယ်။ အဲ့ဒီခေတ်က သီချင်းတွေကို နားထောင်နိုင်တယ်။ Film Camera ပုံစံကို သဘောကျနိုင်တယ်။ အဲ့ဒီခေတ်ရဲ့ ရန်ကုန်မြို့ပုံတွေကို ကြည့်ပြီး “အဲ့ဒီအချိန်ကို လွမ်းတယ်” လို့တောင် ခံစားနိုင်ပါတယ်။

ဒါပေမယ့် တကယ်တမ်းတော့ သူက အဲ့ဒီခေတ်မှာ မရှိခဲ့ဖူးပါဘူး။ ဒါဆို သူလွမ်းနေတာ ဘာလဲ။ မိဘတွေနဲ့ဓာတ်ပုံဟောင်းလေးတွေ၊ အစ်ကိုအစ်မတွေရဲ့ CD Collection တွေ၊ အင်တာနက်အစောပိုင်းက Video တွေ၊ အရင်ခေတ် Music နဲ့ Fashion တွေကနေ သူ့စိတ်ထဲမှာ အဲ့ဒီခေတ်ရဲ့ ပုံရိပ်တစ်ခု တည်ဆောက်ထားတာ ဖြစ်နိုင်ပါတယ်။

မကြုံဖူးတဲ့အတိတ်ကိုတောင် တခြားသူတွေရဲ့ အမှတ်တရတွေကနေ ကိုယ့်အမှတ်တရတစ်ခုလို ခံစားလာနိုင်တဲ့ Cultural Memory တစ်မျိုး ဖြစ်လာပါတယ်။

မြန်မာနိုင်ငံမှာလည်း အတိတ်ကို ပြန်ခေါ်လာပေးနိုင်တဲ့အရာတွေထဲမှာ Music က အင်အားအကောင်းဆုံးတစ်ခု ဖြစ်ပါတယ်။

ထူးအိမ်သင်၊ ဗဒင်၊ မေဆွိတို့လို အဆိုတော်တွေရဲ့ သီချင်းဟောင်းတွေကို လူငယ်တွေ Cover ပြန်ဆိုကြတယ်။ Acoustic နဲ့ Lo-fi Version တွေ ပြန်လုပ်ကြတယ်။ တစ်ချိန်က မိဘတွေ၊ အစ်ကိုအစ်မတွေ နားထောင်ခဲ့တဲ့ သီချင်းတွေဟာ မျိုးဆက်သစ်တွေရဲ့ Playlist ထဲကို ပြန်ဝင်လာပါတယ်။ ဒီမှာလည်း စိတ်ဝင်စားစရာတစ်ခု ရှိပါတယ်။သီချင်းဟောင်းတစ်ပုဒ်ဟာ သီချင်းတစ်ပုဒ်အနေနဲ့ပဲ အသက်ရှင်နေတာ မဟုတ်ပါဘူး။

အဲ့ဒီသီချင်းဟာ ခေတ်တစ်ခုရဲ့ အသံ ဖြစ်ပါတယ်။

အဲ့ဒီသီချင်းကို ပြန်နားထောင်တဲ့အခါ အဲ့ဒီခေတ်ရဲ့ အဝတ်အစား၊ ရုပ်ရှင်၊ မြို့ပြဘဝ၊ လူငယ်တွေရဲ့ စိတ်နေစိတ်ထားနဲ့ ကိုယ်ပိုင်အမှတ်တရတွေပါ တစ်ခါတည်း ပြန်ရောက်လာနိုင်ပါတယ်။

Derek Millar နဲ့ မျိုးဆက်နှစ်ခုကြားက တံတား

ဒီအကြောင်းပြောတဲ့အခါ Derek Millar ကိုလည်း ချန်ထားလို့မရပါဘူး။ ၁၉၈၃ ခုနှစ်ကတည်းက ဂီတလောကထဲမှာ လှုပ်ရှားခဲ့တဲ့ Burmese-Scottish Singer-Songwriter နဲ့ Guitarist တစ်ဦးဖြစ်တဲ့ Derek Millar ဟာ Jazz၊ Blues နဲ့ Pop ကို ပေါင်းစပ်ထားတဲ့ ကိုယ်ပိုင်ဂီတပုံစံနဲ့ လူသိများခဲ့သူပါ။

မေးစရာရှိတာက လွန်ခဲ့တဲ့ နှစ်လေးဆယ်လောက်က သူ့ရဲ့သီချင်းတွေက ဘာလို့ခုမှဝက်ဝက်ကွဲထပေါက်နေရတာလဲ။ ပြီးတော့ဘာကြောင့်သူ့ခေတ်ပြန်ဖြစ်နေရတာလဲဆိုတာပါ။ တကယ်တော့ Derek Miller ရဲ့ Music Gerne တွေလို၊ ထူးအိမ်သင်နဲ့ ၉၀ ဝန်းကျင်ခေတ်က သီချင်းမျိုးတွေက ဒီနေ့ခေတ်မှာတပါတ်ပြန်လည်လာတာဖြစ်ပါတယ်။

အဲ့ဒီကာလဂီတတွေက မျိုးဆက်တစ်ခုကနေ နောက်မျိုးဆက်တစ်ခုဆီကို သွားနိုင်တဲ့ Cultural Bridge တစ်ခုလို ဖြစ်နေပါတယ်။ အဲ့ဒီမှာ Nostalgia ရဲ့ အဓိကအချက်တစ်ခုကို ပြန်တွေ့ရပါတယ်။

အတိတ်ဟာ သေဆုံးသွားတာမဟုတ်ပါဘူး။ နောက်မျိုးဆက်က ပြန်ရှာတွေ့တဲ့အချိန်တိုင်း အသစ်တစ်မျိုးနဲ့ ပြန်အသက်ဝင်လာတာပါ။


 
ဘာတွေကိုပြန်ရှာနေကြတာလဲ

ဒီလိုပြန်လည်ရှာဖွေမှုဟာ Music မှာပဲ ရပ်မနေပါဘူး။ Fashion မှာ အရင်ခေတ် မြန်မာ့ရင်ဖုံးပုံစံတွေ၊ အင်္ကျီလက်တိုနဲ့ ရိုးရာပုံစံတွေကို Modern Fashion နဲ့ ပြန်ပေါင်းစပ်လာကြပါတယ်။

Photography မှာ Film Camera Vibe ရတဲ့ Filter တွေ၊ CCD Digital Camera အဟောင်းတွေနဲ့ ရိုက်ထားသလို ပုံစံတွေ ပြန်ခေတ်စားလာပါတယ်။ Graphic Design မှာလည်း အရင်ခေတ် Poster နဲ့ Advertisement တွေရဲ့ Typography နဲ့ Visual Style တွေ ပြန်ပေါ်လာပါတယ်။

ဒီလိုပြန်လာတာတွေကို ခေတ်နောက်ပြန်ဆုတ်တယ်လို့ ပြောလို့ရမလား။ တကယ်တော့ အဲ့ဒါထက် ပိုစိတ်ဝင်စားစရာကောင်းတဲ့ အရာတစ်ခု ဖြစ်နိုင်ပါတယ်။

ဘာကြောင့် အခုမှ ပိုလွမ်းရသလဲ

ဒါဆို ဒီ Nostalgia က ဘာကြောင့် အခုလောက်ထိ လူကြိုက်များလာတာလဲ။ အကြောင်းရင်းတစ်ခုက Digital Fatigue (အွန်လိုင်းနဲ့ ဒစ်ဂျစ်တယ်ကမ္ဘာကြောင့် စိတ်ပင်ပန်းနွမ်းနယ်လာခြင်း)  ဖြစ်နိုင်ပါတယ်။

နေ့တိုင်း Notification တွေ၊ Short Video တွေ၊ Algorithm တွေ၊ AI-generated Content တွေနဲ့ Information တွေ အဆက်မပြတ် ဝင်လာတဲ့ဘဝမှာ လူတွေဟာ တစ်ချိန်က ပိုရိုးရှင်းတယ်လို့ ခံစားရတဲ့ အရာတွေဆီ ပြန်လှည့်ကြည့်လာကြပါတယ်။

အရင်က Film Camera နဲ့ ဓာတ်ပုံရိုက်ရင် ပုံထွက်လာဖို့ စောင့်ရတယ်။အခုတော့ ဖုန်းတစ်လုံးနဲ့ ရိုက်လိုက်တာနဲ့ ချက်ချင်းမြင်ရတယ်။အရင်က သီချင်းတစ်ပုဒ် နားထောင်ချင်ရင် ကတ်ဆက်ခွေနဲ့၊ CD တစ်ခွေရှာရတယ်။ အခုတော့ သီချင်းသန်းပေါင်းများစွာကို စက္ကန့်ပိုင်းအတွင်း ရှာလို့ရတယ်။အရာအားလုံး ပိုလွယ်လာပေမယ့် တစ်ချိန်တည်းမှာပဲ အရာအားလုံး ပိုမြန်လာပါတယ်။

အဲ့ဒီအတွက် Nostalgia ဟာ အတိတ်ကို ပြန်သွားချင်တဲ့စိတ်ထက် အခုအချိန်မှာ မရတော့တဲ့ ခံစားချက်တစ်ခုကို ပြန်ရှာလိုတဲ့စိတ်မျိုး ဖြစ်နေနိုင်ပါတယ်။

ဒီလိုခံစားချက်ကို Entertainment Industry ကလည်း လက်လွှတ်မှာ မဟုတ်ပါဘူး။ သီချင်းဟောင်းတွေကို Remix ပြန်လုပ်တယ်။ အရင်ခေတ် Fashion ကို ပြန်ယူတယ်။ Retro Visual တွေကို ပြန်သုံးတယ်။ ရုပ်ရှင်နဲ့ Series တွေမှာ အရင်ခေတ် Setting တွေကို ပြန်ဖန်တီးတယ်။

အချိန်တစ်ခု၊ လူတစ်စု၊ Culture တစ်ခု

ဒါကြောင့် အခုခေတ်မှာ လူတွေက တကယ်ပဲ ခေတ်နောက်ပြန်လိုက်ချင်နေကြတာလားဆိုရင် ရိုးရှင်းတဲ့အဖြေက “မဟုတ်ဘူး” ဆိုတာပါပဲ။ သူတို့ လွမ်းနေတာက Cassette တိပ်ခွေ မဟုတ်နိုင်ပါဘူး။ CD ခွေ မဟုတ်နိုင်ပါဘူး။ Film Camera လည်း မဟုတ်နိုင်ပါဘူး။

သီချင်းဟောင်းတစ်ပုဒ်လည်း မဟုတ်နိုင်ပါဘူး။ အဲ့ဒီအရာတွေနောက်က အချိန်တစ်ခု၊ လူတစ်စု၊ Culture တစ်ခုနဲ့ အဲ့ဒီအချိန်မှာ ရှိခဲ့တဲ့ ကိုယ့်ကိုယ်ကိုယ် ဖြစ်နိုင်ပါတယ်။ အဲ့ဒီအတွက် Nostalgia ဟာ အတိတ်ကို ပြန်သွားဖို့ ကြိုးစားတာမဟုတ်ပါဘူး။

အတိတ်ထဲက ကိုယ့်အတွက် အဓိပ္ပာယ်ရှိခဲ့တဲ့ အရာတစ်ခုကို လက်ရှိဘဝထဲ ပြန်ယူလာချင်တာ ဖြစ်နိုင်ပါတယ်။ ပြီးတော့ ဒီနေ့ မြန်မာလူငယ်တွေရဲ့ Nostalgia ကိုကြည့်မယ်ဆိုရင်လည်း အဲ့ဒီအဓိပ္ပာယ်က ပိုကျယ်လာပါတယ်။

သူတို့စဉ်းစားနေတာက “ငါတို့ ဘယ်လို Culture ကနေ လာခဲ့တာလဲ။ အဲ့ဒီထဲက ဘာတွေကို ပြန်ယူသင့်လဲ။ ပြီးတော့ ဒီနေ့ခေတ်မှာ အဲ့ဒါကို ဘယ်လိုအသစ်ပြန်ဖန်တီးမလဲ” ဆိုတဲ့ မေးခွန်းကိုပါ တစ်နည်းနည်းနဲ့ ပြန်မေးနေကြတာ ဖြစ်နိုင်ပါတယ်။

တကယ်တော့ Nostalgia ဟာ အတိတ်ကို ပြန်သတိရပြီး ဝမ်းနည်းနေတဲ့ ခံစားချက်တစ်ခုတည်းတော့ မဟုတ်ပါဘူး။ စိတ်ပညာသုတွေသနတွေအရ Nostalgia ဟာ အတိတ်ကို ပြန်လည်သတိရတဲ့အခါ ပျော်ရွှင်မှု၊ နွေးထွေးမှုနဲ့ ဝမ်းနည်းမှုတို့ တစ်ပြိုင်တည်း ပါဝင်နိုင်တဲ့ “bittersweet emotion” ချိုမြိန်ဝမ်းနည်းစရာ ခံစားချက် တစ်မျိုးဖြစ်ပါတယ်။ 

ပိုစိတ်ဝင်စားစရာကောင်းတာက Nostalgic Memory တွေဟာ “အရင်က ငါ” နဲ့ “အခု ငါ” ကြား ဆက်စပ်မှုကို ပြန်တည်ဆောက်ပေးနိုင်ပြီး လူတစ်ယောက်ရဲ့ Identity နဲ့ Life Meaning ကိုပါ အားကောင်းစေနိုင်တာမျိုးဖြစ်ပါတယ်။ 

ဒါကြောင့် သီချင်းဟောင်းတစ်ပုဒ်ကို ပြန်နားထောင်တဲ့အခါ လူတွေက သီချင်းကိုပဲ လွမ်းနေတာမဟုတ်ဘဲ အဲ့ဒီသီချင်းနဲ့ ဆက်စပ်နေတဲ့ ကိုယ့်ဘဝရဲ့ အချိန်ကာလ၊ လူတွေ၊ အဖြစ်အပျက်တွေနဲ့ အဲ့ဒီအချိန်က ကိုယ့်ကိုယ်ကိုပါ ပြန်သတိရနေတာ ဖြစ်နိုင်ပါတယ်။ 

ခင်ဗျားရော? 

ဘာတွေကိုလွမ်းနေလဲ၊ 

ပြီးတော့ ပြန်သွားလို့ရမယ်ဆိုရင် ဘယ်အချိန်ကို ပြန်သွားချင်နေလဲ။

 

 

User login

  • Reset your password

Update News

ဝါသနာကပေးတဲ့ ဝမ်းစာ
အသက်မွေးဝမ်းကျောင်းပုံစံတွေကပါ ပြောင်းလဲလာပြီ
ရန်ကုန်မြေနဲ့ ငလျင် အန္တရာယ်
 ငလျင်ကော်မတီက ဒုတိယဥက္ကဌ ဦးစောထွေးဇော်
အဲဒီးဒက်စ်၊ နိုက်ကီ၊ ဘာဘရီနဲ့ တကျော့ပြန် Vintage
ဒီဘက်ခေတ် လူငယ်တွေအတွက်ကတော့ Thrifting လုပ်တယ်ဆိုတာ စျေးသက်သက်သာသာနဲ့ အဝတ်အစားဝယ်ယူတယ်ဆိုတဲ့ ရည်ရွယ်ချက်ထက် ပိုပါတယ်။
သတင်းနှင့် ဖျော်ဖြေရေး
Meta ပေးဆောင်ရမယ့် ဒေါ်လာ ၉၄၂ သန်းဆိုတာ စွဲချက်နှစ်ခုက စီရင်ချက် နှစ်ခုကိုပေါင်းထားတာပါ။

Facebook နဲ့ Instagram တို့ရဲ့ မိခင်ကုမ္ပဏီ Meta ဟာ ကလေးသူငယ်တွေရဲ့ စိတ်ပိုင်းဆိုင်ရာကို သိလျက်နဲ့ ထိခိုက်စေခဲ့တာ၊ လိင်ပိုင်းဆိုင်ရာ ခေါင်းပုံဖြတ်ခံရတာတွေကို မတားဆီးဘဲ မျက်ကွယ်ပြုခဲ့တာတွေအတွက် ဒေါ်လာ ၉၄၂ သန်း (၁ ဘီလီယံနီးပါး) ပေးဆောင်ဖို့ အမေရိကန် တရားရုံးက အမိန့်ချမှတ်ပါတယ်။

Button Layout

Button Layout

Button Layout

Footer Main

Thanks for visiting us.