Site branding

Home

Main navigation

  • Home
  • လူမှုဘ၀
  • သတင်းနှင့်ဖျော်ဖြေရေး
  • အင်တာဗျုး
  • ရုပ်သံဆောင်းပါး
  • ပေါ့တ်ကတ်စ် (Podcast)
  • ဒစ်ဂျစ်တယ် အသိပညာ
  • Travel (opens in new tab)
  • About Us

Breadcrumbs

Breadcrumb

  • Home
  • အချစ်ကားလေး မန့်မှာရှိတယ်

Main page content

By admin | August 27, 2026
  • 8 views
အွန်လိုင်းက မသိတဲ့လင့်တွေကို ဂရုစိုက်ပါ
Digital အသိပညာ

“Link မှာ ဇာတ်ကားအပြည့်အစုံရှိပါတယ်” ဆိုတဲ့စာသားတွေနဲ့ လင့်တွေကို Facebook နဲ့ Telegram ပေါ်မှာ တွေ့ဖူးကြပါလိမ့်မယ်။

အထူးသဖြင့် ဇာတ်ကားအသစ်တွေ၊ လူကြိုက်များတဲ့ဇာတ်ကားတွေနဲ့ သရုပ်ဆောင်နာမည်ကြီးတွေရဲ့ ဇာတ်ကားတွေကို စုစည်းပြီး အညွှန်းရေးပေးတဲ့ Facebook Page တွေ၊ Group တွေကနေ ဒီလိုလင့်တွေကို တွေ့ရတတ်ပါတယ်။ တချို့ဆိုရင် ဇာတ်ကားအကြောင်းအရာနဲ့ သရုပ်ဆောင်တွေအကြောင်းကို သေသေချာချာရေးပြီး နောက်ဆုံးမှာ “ကြည့်ရန်”၊ “Download” ဆိုတဲ့ လင့်တစ်ခုထည့်ပေးထားတာမျိုးလည်းရှိပါတယ်။

Telegram ဘက်မှာလည်း ဇာတ်ကား၊ Series နဲ့ အခြားဗီဒီယိုတွေမျှဝေတဲ့ Group တွေ၊ Channel တွေကနေ အလားတူလင့်တွေ ဖြန့်ဝေကြပါတယ်။ ကိုယ်ကြည့်ချင်တဲ့ဇာတ်ကားနာမည်ကို ရှာလိုက်တဲ့အခါ ဇာတ်ကားဖိုင်အစား အခြား Website တစ်ခုဆီ ခေါ်သွားတဲ့ Link တွေ၊ Download ခလုတ်တွေ ထည့်ထားတဲ့ Post တွေကို တွေ့ရနိုင်ပါတယ်။

အဲ့ဒီလင့်တွေထဲက တချို့ဟာ တကယ်ပဲ ကိုယ်လိုချင်တဲ့အကြောင်းအရာဆီ ရောက်သွားစေနိုင်ပါတယ်။ ဒါပေမယ့် တချို့ကတော့ လူတွေကို လင့်နှိပ်မိအောင် ဖန်တီးထားတဲ့ လိမ်လည်မှုတွေရဲ့ အစဖြစ်နိုင်ပါတယ်။

ရုပ်ရှင်တစ်ကားကြည့်ချင်တာ၊ ဗီဒီယိုတစ်ခုကြည့်ချင်တာ၊ သတင်းတစ်ပုဒ်ဖတ်ချင်တာက ပြဿနာမဟုတ်ပါဘူး။ ပြဿနာကတော့ ကိုယ်လိုချင်တဲ့အရာကို အသုံးချပြီး မသိတဲ့ Website တစ်ခုဆီ ခေါ်သွားတာ၊ ကိုယ့်အချက်အလက်တွေ ထည့်ခိုင်းတာ ဒါမှမဟုတ် မသိတဲ့ဖိုင်တွေ ဒေါင်းလုပ်လုပ်ခိုင်းတာမျိုး ဖြစ်လာတဲ့အခါမှာပါ။

ဒီတော့ အွန်လိုင်းမှာ “ဒီလင့်ကိုနှိပ်ပါ” ဆိုတာတွေကို ဘာကြောင့် သတိထားသင့်တာလဲ၊ ဒီလင့်တွေက ဘယ်ကလာတာလဲ၊ Phishing ဆိုတာနဲ့ ဘယ်လိုဆက်စပ်နေလဲဆိုတာ ကြည့်ကြရအောင်ပါ။

ရုပ်ရှင်ကြည့်ဖို့လင့်ကနေ စတယ်

ဥပမာ Facebook မှာ ကိုယ်ကြည့်ချင်နေတဲ့ ရုပ်ရှင်တစ်ကားရဲ့ အညွှန်းကို တွေ့တယ်ဆိုပါစို့။ ဇာတ်ကားအကြောင်းအရာကို စိတ်ဝင်စားလာအောင် ရေးထားပြီး နောက်ဆုံးမှာ “ဇာတ်ကားအပြည့်အစုံကြည့်ရန် ဒီလင့်ကိုနှိပ်ပါ” ဆိုပြီး Link တစ်ခုထည့်ထားနိုင်ပါတယ်။

အဲ့ဒီလင့်ကိုနှိပ်လိုက်တဲ့အခါ ရုပ်ရှင်ဆီ တန်းမရောက်ဘဲ Website တစ်ခုထဲကို ဝင်သွားတာမျိုး၊ Download ခလုတ်တွေ အများကြီးပေါ်လာတာမျိုး၊ “Continue”၊ “Allow”၊ “Verify” ဆိုတဲ့ ခလုတ်တွေ ဆက်တိုက်ပေါ်လာတာမျိုး ဖြစ်နိုင်ပါတယ်။

တချို့ Website တွေကတော့ “Video ဖွင့်ဖို့ Application တစ်ခု Install လုပ်ပါ”၊ “ဒီဖိုင်ကိုကြည့်ဖို့ Player တစ်ခု Download လုပ်ပါ” ဆိုပြီး မသိတဲ့ Software တွေထည့်ခိုင်းတာမျိုးလည်း ရှိနိုင်ပါတယ်။

အဲ့ဒီအချိန်မှာ ကိုယ်က ရုပ်ရှင်ကြည့်ဖို့ ဝင်လာတာဖြစ်ပေမယ့် လိမ်လည်သူတွေကတော့ ကိုယ်ကြည့်ချင်တဲ့ ရုပ်ရှင်ကို အသုံးချပြီး သူတို့လိုချင်တဲ့အရာဆီကို တဖြည်းဖြည်း ခေါ်သွားတာဖြစ်နိုင်ပါတယ်။

၁၈+ ဇာတ်ကားဆိုပြီး မျှားတာလည်းရှိတယ်

အွန်လိုင်းမှာ လူတွေရဲ့ သိချင်စိတ်ကို အသုံးချပြီး လင့်နှိပ်အောင်လုပ်တဲ့ ပုံစံတွေထဲမှာ အရွယ်ရောက်ပြီးသူတွေအတွက် ဇာတ်ကားတွေ၊ ဗီဒီယိုတွေကို အကြောင်းပြုပြီး ဖြန့်တဲ့လင့်တွေလည်း ရှိပါတယ်။

“အပြည့်အစုံ ဒီမှာရှိတယ်”၊ “Video အပြည့်အစုံကြည့်ရန်”၊ “Download Link” စတဲ့ စာသားတွေနဲ့ စိတ်ဝင်စားအောင်လုပ်ပြီး လင့်ကိုနှိပ်လာအောင် ဖျားယောင်းနိုင်ပါတယ်။

ဒီလိုလင့်တွေထဲကို ဝင်လိုက်တဲ့အခါ ကိုယ်လိုချင်တဲ့ဗီဒီယိုအစား တခြား Website တွေကို ထပ်ခေါ်သွားတာ၊ အကောင့်ဝင်ခိုင်းတာ၊ အချက်အလက်ဖြည့်ခိုင်းတာ၊ မသိတဲ့ဖိုင်တွေ ဒေါင်းခိုင်းတာမျိုး ဖြစ်လာနိုင်ပါတယ်။

အဓိကကတော့ လူတွေရဲ့ သိချင်စိတ်နဲ့ စိတ်လှုပ်ရှားမှုကို အသုံးချပြီး “အခုပဲနှိပ်ချင်အောင်” လုပ်ထားတာဖြစ်ပါတယ်။

Telegram Group တွေကို ဂရုစိုက်

မြန်မာနိုင်ငံမှာ Telegram ကို ဇာတ်ကားနဲ့ ဗီဒီယိုတွေမျှဝေဖို့ အသုံးပြုတဲ့ Group တွေ၊ Channel တွေလည်း ရှိနေပါတယ်။ ဒီလို Group တွေထဲမှာ ဇာတ်ကားနာမည်နဲ့အတူ Download Link တွေ၊ ကြည့်ရှုရန် Link တွေ ထည့်ပေးထားတာမျိုး တွေ့ရတတ်ပါတယ်။

Group ထဲမှာ ကိုယ်သိတဲ့လူတွေရှိနေတာ၊ လူအများကြီးဝင်ထားတာနဲ့ အဲ့ဒီ Link က ယုံကြည်ရတယ်လို့တော့ မယူဆသင့်ပါဘူး။

တစ်ခါတလေ Group ထဲမှာ မူရင်းအကြောင်းအရာနဲ့မဆိုင်တဲ့ Link တွေ ဝင်လာနိုင်သလို၊ တစ်စုံတစ်ယောက်က အကောင့်တစ်ခုကို အသုံးပြုပြီး Link ဖြန့်တာမျိုးလည်း ဖြစ်နိုင်ပါတယ်။

အထူးသဖြင့် “ဒီလင့်ကနေ Download လုပ်ပါ” ဆိုပြီး မသိတဲ့ Website တစ်ခုကို ခေါ်သွားတဲ့ Link ဖြစ်ရင် ပိုပြီးသတိထားသင့်ပါတယ်။

Facebook ပေါ်က ဇာတ်ကားအညွှန်းတွေ

Facebook မှာလည်း ဇာတ်ကားအညွှန်းတွေတင်တဲ့ Page တွေ၊ Group တွေကနေ ဒီလို Link တွေကို ဖြန့်ဝေတာတွေ့ရနိုင်ပါတယ်။

ရုပ်ရှင်ဇာတ်ကားအညွှန်းတွေကို သေသေချာချာရေးပေးတဲ့ပေ့ချ်တွေရှိပါတယ်။ ဒါပေမယ့် တချို့ Page တွေကတော့ ဇာတ်ကားအကြောင်းအရာကို စိတ်ဝင်စားစရာကောင်းအောင် အရင်ရေးတင်ပြီး “ဇာတ်ကားကြည့်ရန်” ဆိုတဲ့ Link ကို နောက်ဆုံးမှာထည့်ထားတတ်ပါတယ်။

အဲ့ဒီလို Content တွေဟာ ကိုယ်ကြည့်ချင်တဲ့ ဇာတ်ကားနဲ့ တကယ်ဆိုင်တာဖြစ်နိုင်သလို၊ ဇာတ်ကားနာမည်ကို အသုံးချပြီး လူတွေကို Website တစ်ခုဆီ ခေါ်သွားဖို့လုပ်ထားတာလည်း ဖြစ်နိုင်ပါတယ်။

ဒါကြောင့် Facebook မှာ ကိုယ်သိတဲ့ Page က တင်ထားတာဖြစ်လို့၊ လူတွေက အများကြီး Comment ပေးထားလို့၊ Share အများကြီးရထားလို့ဆိုပြီး Link ကို အလိုအလျောက် ယုံကြည်လို့မရပါဘူး။

ဒီလင့်တွေက Phishing နဲ့ ဘယ်လိုဆက်စပ်လဲ

Phishing ဆိုတာက လူတစ်ယောက်ရဲ့ အရေးကြီးတဲ့အချက်အလက်တွေကို အယောင်ဆောင်လင့်တစ်ခုကနေ ရယူဖို့ကြိုးစားတဲ့ နည်းလမ်းတစ်ခုပါ။

ဥပမာ ကိုယ်အသုံးပြုနေတဲ့ Social Media Account၊ Email ဒါမှမဟုတ် တခြား Online Service တစ်ခုရဲ့ Login Page နဲ့ ဆင်တူတဲ့ Website တစ်ခုကို ဖန်တီးထားနိုင်ပါတယ်။ တကယ်လို့ကိုယ်က အဲ့ဒီ Website ကို အစစ်လို့ထင်ပြီး Email နဲ့ Password ထည့်လိုက်ရင် အဲ့ဒီအချက်အလက်တွေကို လိမ်လည်သူတွေ ရရှိသွားနိုင်ပါတယ်။

ဒီနေရာမှာ ရုပ်ရှင်လင့်နဲ့ Phishing က ဆက်စပ်လာပါတယ်။ လိမ်လည်သူက “Password ထည့်ပါ” လို့ တန်းပြောရင် လူတွေက သံသယဝင်နိုင်ပါတယ်။ ဒါကြောင့် အဲ့ဒီအစား “ရုပ်ရှင်အပြည့်အစုံကြည့်ပါ”၊ “Video Download လုပ်ပါ”၊ “ဒီလင့်မှာပဲရှိတယ်” ဆိုပြီး အရင်ဆုံး လူကို Link နှိပ်လာအောင်လုပ်နိုင်ပါတယ်။

လင့်ကိုနှိပ်ပြီးမှ Login ဝင်ခိုင်းတာ၊ အချက်အလက်ဖြည့်ခိုင်းတာမျိုးနဲ့ ကိုယ်ရေးအချက်အလက်တွေကို ရယူဖို့ ကြိုးစားနိုင်ပါတယ်။

ဒါကြောင့် Phishing ဆိုတာ လင့်တစ်ခုကိုနှိပ်မိတာနဲ့ တန်းပြီးဖြစ်သွားတာမဟုတ်ဘဲ၊ လင့်ကို အသုံးပြုပြီး လူတစ်ယောက်ကို နောက်တစ်ဆင့် ဆက်လုပ်မိအောင် ဖျားယောင်းတဲ့ နည်းလမ်းတစ်ခုလည်း ဖြစ်ပါတယ်။

Link ကိုနှိပ်လိုက်ရင် ဘာဖြစ်နိုင်လဲ

လင့်တစ်ခုကို နှိပ်လိုက်ရုံနဲ့ အမြဲတမ်း အကောင့်ပျက်သွားတာ၊ ဖုန်းထဲကအချက်အလက်တွေ ချက်ချင်းပျောက်သွားတာမျိုးတော့ မဟုတ်ပါဘူး။

ဒါပေမယ့် လင့်ကိုနှိပ်ပြီးနောက် ဘာလုပ်ခိုင်းလာလဲဆိုတာကို သတိထားဖို့လိုပါတယ်။ Password တောင်းလာတာလား။ ဖုန်းနံပါတ်တောင်းလာတာလားEmail နဲ့ Password တောင်းလာတာလား။ မသိတဲ့ Application တစ်ခု ထည့်ခိုင်းတာလား။မသိတဲ့ဖိုင်တစ်ခု Download လုပ်ခိုင်းတာလား။Notification ခွင့်ပြုဖို့ “Allow” နှိပ်ခိုင်းတာလား။

ဒီလိုအချက်တွေထဲက တစ်ခုခုတွေ့လာပြီဆိုရင် ကိုယ်ဘာအတွက် အဲ့ဒီ Website ထဲဝင်လာတာလဲဆိုတာ ပြန်စဉ်းစားကြည့်ဖို့လိုပါတယ်။ရုပ်ရှင်ကြည့်ဖို့ ဝင်တာမှာ ဘာကြောင့် Email Password ပါတောင်းတာမျိုးကတော့စားပါတယ်။

Password တောင်းရင် ရပ်

ရုပ်ရှင်ကြည့်ဖို့၊ Video ကြည့်ဖို့၊ ပုံတစ်ပုံကြည့်ဖို့ဆိုပြီး ကိုယ့်ရဲ့ Email Password ဒါမှမဟုတ် Social Media Password ကို တောင်းလာရင် အလွယ်တကူ မထည့်သင့်ပါဘူး။ အထူးသဖြင့် ကိုယ်ဝင်လာတဲ့ Website အပြင် နောက်ဝဘ်ဆိုက်တစ်ခုပွင့်ပြီး Password အတင်းဝင်ခိုင်းနေရင် သတိထားပါ။

အရေးကြီးတာက ဘုမသိဘမသိနဲ့ကိုယ်သုံးနေကျ Password တစ်ခုကို နေရာတိုင်းမှာ ထည့်သုံးနေမယ်ဆိုရင် အန္တရာယ်က ပိုကြီးနိုင်ပါတယ်။ အကောင့်တစ်ခုရဲ့ Password ရသွားတာနဲ့ တခြားအကောင့်တွေကိုပါ ဝင်ရောက်ဖို့ ကြိုးစားနိုင်တာကြောင့် အရေးကြီးတဲ့အကောင့်တွေမှာ Password တူတူသုံးတာမျိုးကို ရှောင်သင့်ပါတယ်။

“Download” ဆိုတိုင်း မနှိပ်ပါနဲ့

ရုပ်ရှင်ကြည့်ဖို့ Website ထဲဝင်လိုက်တဲ့အခါ Download ခလုတ်တွေ အများကြီးတွေ့ရတာ၊ တစ်ခုနှိပ်လိုက်တိုင်း Website အသစ်တွေ ထပ်ပေါ်လာတာမျိုးဆိုရင် သတိထားသင့်ပါတယ်။

အထူးသဖြင့် “ဒီ Video ကြည့်ဖို့ Player Install လုပ်ပါ”၊ “ဒီဖိုင်ကို ဖွင့်ဖို့ Application Download လုပ်ပါ” ဆိုပြီး မသိတဲ့ Software တွေထည့်ခိုင်းလာရင် ဆက်မလုပ်တာက ပိုကောင်းပါတယ်။

ကိုယ်လိုချင်တဲ့အရာတစ်ခုရဖို့အတွက် မသိတဲ့ Software တစ်ခုကို မဖြစ်မနေထည့်ရမယ်ဆိုရင် အဲ့ဒီ Website ကို ယုံကြည်လို့ရ၊ မရ ပြန်စဉ်းစားသင့်ပါတယ်။

မတော်တဆ လင့်ကိုနှိပ်မိရင်

လင့်ကို မတော်တဆနှိပ်မိသွားတာနဲ့ အရမ်းကြောက်စရာမလိုပါဘူး။ ဒါပေမယ့် လင့်ကိုနှိပ်ပြီးနောက် ကိုယ်ဘာတွေလုပ်ခဲ့လဲဆိုတာ ပြန်စဉ်းစားဖို့လိုပါတယ်။

Password ထည့်ခဲ့လား၊ ကိုယ်ရေးအချက်အလက်ဖြည့်ခဲ့လား၊ မသိတဲ့ဖိုင်ဒေါင်းခဲ့လား၊ Application တစ်ခုထည့်ခဲ့လား၊ Website တစ်ခုကို Notification ပို့ခွင့်ပေးခဲ့လားဆိုတာ ပြန်ကြည့်ပါ။

Password ထည့်မိခဲ့ရင် သက်ဆိုင်ရာဝန်ဆောင်မှုရဲ့ တရားဝင် Website ဒါမှမဟုတ် App ကနေ Password ကို ပြောင်းသင့်ပါတယ်။ မသိတဲ့ Software တစ်ခုခု ထည့်မိခဲ့ရင်လည်း ဆက်ပြီးအသုံးမပြုဘဲ ယုံကြည်ရတဲ့ နည်းပညာကျွမ်းကျင်သူဆီက အကူအညီတောင်းသင့်ပါတယ်။

အရေးကြီးတာကတော့ လင့်ကိုနှိပ်မိတာထက် လင့်ကိုနှိပ်ပြီး ဘာလုပ်ခဲ့လဲ ဆိုတာပါ။

ဒီလိုလင့်တွေကို လူလိမ်တွေက Facebook Page တွေ၊ Group တွေ၊ Telegram Group တွေ၊ Channel တွေ၊ Messenger တွေကနေ လူတွေဆီရောက်အောင် ဖြန့်နိုင်ပါတယ်။ လူတွေကလည်း ကိုယ်ယုံကြည်တဲ့နေရာကနေ တွေ့တာဆိုပြီး လင့်ကို မစစ်ဘဲ နှိပ်မိနိုင်ပါတယ်။

ဒါကြောင့် လင့်တစ်ခုကို မြင်တိုင်း “ဘယ်သူပို့တာလဲ”၊ “ဘယ် Website ကို ခေါ်သွားမှာလဲ”၊ “ဘာကြောင့် ဒီလင့်ကို နှိပ်ရမှာလဲ”၊ “ဘာအချက်အလက်တွေ တောင်းနေလဲ” ဆိုတာတွေကို အရင်စဉ်းစားသင့်ပါတယ်။

အွန်လိုင်းမှာ လိမ်လည်သူတွေက လူတွေလိုချင်တဲ့အရာကို မျှားအဖြစ်အသုံးပြုလာကြတာကြောင့် ရုပ်ရှင်ကြည့်ချင်တာ၊ သတင်းဖတ်ချင်တာ၊ ဗီဒီယိုကြည့်ချင်တာဆိုတဲ့ ကိုယ့်ရဲ့ပုံမှန်အလေ့အထတွေကို အသုံးချပါတယ်။

ဒီတော့ အွန်လိုင်းလုံခြုံရေးဆိုတာ နည်းပညာကျွမ်းကျင်သူတွေအတွက်ပဲ လိုအပ်တာမဟုတ်ပါဘူး။

ကိုယ်နေ့စဉ်အသုံးပြုနေတဲ့ Facebook နဲ့ Telegram ကနေ လင့်တစ်ခုရောက်လာတဲ့အခါ မနှိပ်ခင် ခဏရပ်ပြီး စစ်ဆေးတတ်တာက ကိုယ့်အကောင့်နဲ့ ကိုယ့်ရဲ့အချက်အလက်တွေကို ကာကွယ်ဖို့ အရေးကြီးတဲ့အလေ့အကျင့်တစ်ခု ဖြစ်ပါတယ်။

မသိတဲ့လင့်ကို မနှိပ်ပါနဲ့။ မသေချာတဲ့ Website မှာ Password မထည့်ပါနဲ့။ မသိတဲ့ဖိုင်နဲ့ Software တွေကို မဒေါင်းပါနဲ့။

User login

  • Reset your password

Update News

ဝါသနာကပေးတဲ့ ဝမ်းစာ
အသက်မွေးဝမ်းကျောင်းပုံစံတွေကပါ ပြောင်းလဲလာပြီ
ရန်ကုန်မြေနဲ့ ငလျင် အန္တရာယ်
 ငလျင်ကော်မတီက ဒုတိယဥက္ကဌ ဦးစောထွေးဇော်
အဲဒီးဒက်စ်၊ နိုက်ကီ၊ ဘာဘရီနဲ့ တကျော့ပြန် Vintage
ဒီဘက်ခေတ် လူငယ်တွေအတွက်ကတော့ Thrifting လုပ်တယ်ဆိုတာ စျေးသက်သက်သာသာနဲ့ အဝတ်အစားဝယ်ယူတယ်ဆိုတဲ့ ရည်ရွယ်ချက်ထက် ပိုပါတယ်။
သတင်းနှင့် ဖျော်ဖြေရေး
Meta ပေးဆောင်ရမယ့် ဒေါ်လာ ၉၄၂ သန်းဆိုတာ စွဲချက်နှစ်ခုက စီရင်ချက် နှစ်ခုကိုပေါင်းထားတာပါ။

Facebook နဲ့ Instagram တို့ရဲ့ မိခင်ကုမ္ပဏီ Meta ဟာ ကလေးသူငယ်တွေရဲ့ စိတ်ပိုင်းဆိုင်ရာကို သိလျက်နဲ့ ထိခိုက်စေခဲ့တာ၊ လိင်ပိုင်းဆိုင်ရာ ခေါင်းပုံဖြတ်ခံရတာတွေကို မတားဆီးဘဲ မျက်ကွယ်ပြုခဲ့တာတွေအတွက် ဒေါ်လာ ၉၄၂ သန်း (၁ ဘီလီယံနီးပါး) ပေးဆောင်ဖို့ အမေရိကန် တရားရုံးက အမိန့်ချမှတ်ပါတယ်။

Button Layout

Button Layout

Button Layout

Footer Main

Thanks for visiting us.