Site branding

Home

Main navigation

  • Home
  • လူမှုဘ၀
  • သတင်းနှင့်ဖျော်ဖြေရေး
  • အင်တာဗျုး
  • ရုပ်သံဆောင်းပါး
  • ပေါ့တ်ကတ်စ် (Podcast)
  • ဒစ်ဂျစ်တယ် အသိပညာ
  • Travel (opens in new tab)
  • About Us

Breadcrumbs

Breadcrumb

  • Home
  • လမ်းမပေါ်က ကိုယ့်လုံခြုံရေး ဘယ်လိုဂရုစိုက်မလဲ

Main page content

By admin | August 29, 2026
  • 39 views
Public Safety
လူမှုဘ၀

နေ့ခင်းကြောင်တောင် လမ်းပေါ်မှာ လမ်းလျှောက်နေတုန်း ဖုန်းလုခံလိုက်ရတာ၊ ပိုက်ဆံအိတ်နဲ့ အိတ်ကို ဆွဲလုသွားတာတွေနဲ့ လည်ပင်းက ဆွဲကြိုးကို ဖြတ်ပြီး ဆိုင်ကယ်နဲ့ ထွက်ပြေးသွားတာမျိုးတွေက အခုနောက်ပိုင်း မြို့တွေပေါ်မှာဆက်တိုက်ဆိုသလိုဖြစ်ပွားနေပါတယ်။

လုယက်သူတွေကိုဖမ်းမိတာတွေရှိသလို၊ မမိသေးတဲ့ဖြစ်စဉ်တွေလည်းရှိနေပါသေးတယ်။ ဖြစ်စဉ်အများစုဟာ လူပြတ်တဲ့နေရာတွေ၊ တစ်ယောက်တည်းသွားလာတဲ့အချိန်တွေမှာ အမျိုးသားဖြစ်စေအမျိုးသမီးဖြစ်စေကြုံတွေ့နေကြရတာမျိုးဖြစ်ပါတယ်။

ဒီဆောင်းပါးကတော့ ဒီလိုအခြေအနေတွေကို ရှောင်လွှဲနိုင်ဖို့ သတိထားရမယ့်အချက်တွေကို စုစည်းတင်ပြထားတာဖြစ်ပါတယ်။

လမ်းလျှောက်ရင်း ဖုန်းမသုံးနဲ့

လမ်းလျှောက်ရင်း ဖုန်းကိုင်ပြီး စာဖတ်တာ၊ Video ကြည့်တာ၊ Social Media သုံးတာ၊ နားကြပ်နဲ့ သီချင်းနားထောင်ရင်း ပတ်ဝန်းကျင်ကို မကြည့်မိတာတွေက ကိုယ့်အာရုံစူးစိုက်မှုကို လျော့ကျစေနိုင်သလိုပတ်ဝန်းကျင်မှာ ဘယ်သူဘယ်ဝါက ဘယ်လိုအခြေအနေမျိုးနဲ့ကိုယ့်ကိုစောင့်ကြည့်နေတာ်ဆိုတာမသိနိုင်ပါဘူး။

အထူးသဖြင့် လမ်းဘေးမှာ ဖုန်းကို လက်ထဲကိုင်ပြီး သွားလာနေတာမျိုးက လုယက်မယ့်သူတွေအတွက် အခွင့်အရေးဖြစ်ပါတယ်။တကယ်လို့သွားရင်းလာရင်း ဖုန်းသုံးဖို့လိုအပ်လာတယ်ဆိုရင် လူတွေများများရှိတဲ့နေရာ ဒါမှမဟုတ် ဆိုင်တစ်ဆိုင်ဆိုင်၊ အဆောက်အအုံတစ်ခုခုလို ပိုလုံခြုံတဲ့နေရာမှာ ရပ်ပြီး အသုံးပြုတာက ပိုကောင်းပါတယ်။

လူပြတ်တဲ့လမ်းတွေမှာ ဂရုစိုက်ပါ

တစ်နေရာကနေ တစ်နေရာသွားတဲ့အခါ အနီးဆုံးလမ်းဆိုပြီး လူသွားလူလာနည်းတဲ့ လမ်း၊ လမ်းကြား၊ အဆောက်အအုံတွေကြားက ဖြတ်လမ်းတွေကို မရွေးသင့်ပါဘူး။ဒါမျိုးက ကိုယ့်ရပ်ကွက်ထဲမှာဖြစ်ရင်တောင် အန္တရာယ်ဖြစ်နိုင်ခြေများပါတယ်။

နည်းနည်းလမ်းပိုလျှောက်ရပေမယ့် လူသွားလူလာရှိပြီး ဆိုင်တွေ၊ အိမ်တွေ၊ ယာဉ်အသွားအလာရှိတဲ့ လမ်းမကြီးဘက်ကို ရွေးတာက ပိုလုံခြုံနိုင်ပါတယ်။ နိုင်ငံတကာက Public Safety နဲ့ပတ်သက်တဲ့အကြံပြုချက်တွေမှာလည်း ကိုယ်အသွားအပြန်လုပ်တဲ့ လမ်းကြောင်းကို ကြိုတင်ရွေးထားပြီး လူသွားလူလာနဲ့ အလင်းရောင်ကောင်းတဲ့ လမ်းတွေကို အသုံးပြုဖို့ အကြံပြုထားပါတယ်။

ဆိုင်ကယ်တွေ ဖြတ်လာရင်သတိကပ်ပါ

လုယက်မှုတွေထဲမှာ လိုင်စင်မဲ့ဆိုင်ကယ်တွေနဲ့ ကျုးလွန်တဲ့ကိစ္စတွေရန်ကုန်လိုနေရာမှာတောင်ဖြစ်နေပါတယ်။ ဆိုင်ကယ်နဲ့ ဖြတ်သန်းလာပြီး လမ်းလျှောက်နေသူရဲ့ အိတ်၊ ဖုန်း ဒါမှမဟုတ် အခြားပစ္စည်းကို ဆွဲယူသွားတာမျိုး ဖြစ်နိုင်ပါတယ်။ အထူးသဖြင့် လမ်းဘေးမှာ ဖုန်းကို လက်ထဲကိုင်ထားတာ၊ အိတ်ကို လမ်းဘက်မှာ ချထားတာမျိုးကို ရှောင်သင့်ပါတယ်။

လမ်းလျှောက်တဲ့အခါ ဆိုင်ကယ်တွေ ဖြတ်သန်းလာနိုင်တဲ့ဘက်ကို သတိထားပြီး အိတ်နဲ့ အဖိုးတန်ပစ္စည်းတွေကို ကိုယ့်ခန္ဓာကိုယ်နဲ့ ပိုနီးတဲ့ဘက်မှာ ထားဖို့လိုပါတယ်။ ကိုယ်သွားနေတဲ့လမ်းက ပလက်ဖောင်းရှိရင်ပလက်ဖောင်းထောင့်ဖက်ကိုကပ်ပြီးလျှောက်ပါ။ ပြီးရင် ဆိုင်ကယ်ကအရှိန်လျှော့သွားလား၊ ကိုယ့်နားမှာ အကြိမ်ကြိမ်ပတ်စီးနေလားဆိုတာကိုဂရုစိုက်ပါ။

မသင်္ကာစရာအခြေအနေတွေကို သတိထားပါ

“မသင်္ကာစရာလူ” ဆိုတာ လူတစ်ယောက်ရဲ့ ရုပ်ရည်၊ အဝတ်အစား ဒါမှမဟုတ် အသက်အရွယ်ကို ဆိုလိုတာ မဟုတ်ပါဘူး။

လူတစ်ယောက်က ကိုယ့်နောက်ကနေ အဆက်မပြတ် လိုက်လာတာ၊ ကိုယ့်ကိုယ်သွားတဲ့ လမ်းကြောင်းအတိုင်း တထပ်တည်းလိုက်လာတာ၊ အနီးကပ်လာပြီး အာရုံလွှဲဖို့ ကြိုးစားတာ၊ မလိုအပ်ဘဲ ကိုယ့်ပစ္စည်းကို စူးစမ်းကြည့်တာလို အပြုအမူနဲ့ အခြေအနေ တွေကို သတိထားတာပါ။

တစ်ယောက်ယောက်က ကိုယ့်နောက်ကို လိုက်လာတယ်လို့ သံသယရှိရင် လူပြတ်တဲ့လမ်းထဲ ဆက်မသွားဘဲ လူများတဲ့ ဆိုင်၊ လက်ဖက်ရည်ဆိုင်၊ စတိုးဆိုင် ဒါမှမဟုတ် အခြားလုံခြုံတဲ့နေရာထဲ ဝင်ပြီး အခြေအနေကို စောင့်ကြည့်နိုင်ပါတယ်။

အဖိုးတန်ပစ္စည်းတွေကို မမြင်သာအောင်ထားပါ

ဖုန်း၊ ပိုက်ဆံအိတ်၊ လက်ဝတ်ရတနာနဲ့ ငွေသားအများအပြားကို အပြင်ကနေ သိသာမြင်သာအောင် မထားသင့်ပါဘူး။

အထူးသဖြင့် လမ်းလျှောက်ရင်း ဖုန်းကို လက်ထဲမှာ အမြဲကိုင်ထားတာ၊ အိတ်ကို ဖွင့်ထားတာ၊ ပိုက်ဆံအိတ်ကို အလွယ်တကူ ဆွဲယူနိုင်တဲ့နေရာမှာ ထားတာမျိုးကို ရှောင်သင့်ပါတယ်။

လမ်းလျှောက်တဲ့အခါ ပတ်ဝန်းကျင်ကို သတိကပ်ပါ

ဖုန်းကြည့်နေတာ၊ နားကြပ်နှစ်ဖက်လုံးတပ်ထားတာ၊ အာရုံစိုက်စရာ တခြားအရာတွေနဲ့ အလုပ်များနေတာတွေက ကိုယ့်ပတ်ဝန်းကျင်ကို သတိထားနိုင်မှုကို လျော့ကျစေနိုင်ပါတယ်။

လမ်းလျှောက်တဲ့အခါ ရှေ့နဲ့ ဘေးပတ်ဝန်းကျင်ကို အခါအားလျော်စွာ ကြည့်ပါ။ ကိုယ့်အနားကို ဘယ်သူကပ်နေလဲ၊ အနီးအနားမှာ ဘယ်သူတွေရှိလဲ၊ ဘယ်နေရာမှာ လူများလဲ၊ လိုအပ်လာရင် ဘယ်ဆိုင် ဒါမှမဟုတ် ဘယ်အဆောက်အအုံထဲ ဝင်နိုင်မလဲဆိုတာ သိထားတာက အရေးကြီးပါတယ်။

အန္တရာယ်ဖြစ်လာရင် ပစ္စည်းထက် လူကို ဦးစားပေးပါ

ဖုန်း၊ ပိုက်ဆံအိတ်၊ အိတ် ဒါမှမဟုတ် ဆွဲကြိုးတွေက ပြန်လည်အစားထိုးနိုင်တဲ့ ပစ္စည်းတွေဖြစ်ပါတယ်။ ကိုယ့်အသက်နဲ့ ကိုယ်ခန္ဓာလုံခြုံရေးကတော့ အစားထိုးလို့မရပါဘူး။ လုယက်မှုဖြစ်တဲ့အခါ ပစ္စည်းဆုံးရှုံးရုံနဲ့ ပြီးသွားနိုင်သလို၊ တချို့ဖြစ်စဉ်တွေမှာတော့ လုယက်ခံရသူကိုပါ အင်အားသုံးပြီး ထိခိုက်အန္တရာယ်ပြုတာမျိုး ဖြစ်နိုင်ပါတယ်။ 

ဒါကြောင့် လုယက်သူနဲ့ ပစ္စည်းအတွက် ပြန်လည်ရင်ဆိုင်တာ၊ လုယက်သူနောက်ကို လိုက်တာ၊ ဆိုင်ကယ်နောက် ပြေးလိုက်တာမျိုး မလုပ်သင့်ပါဘူး။ အခြေအနေကနေ အမြန်ဆုံး လွတ်မြောက်ပြီး လူများတဲ့၊ လုံခြုံတဲ့နေရာကို ရောက်အောင် အရင်လုပ်တာက ပိုအရေးကြီးပါတယ်။

ပစ္စည်းတစ်ခု ပြန်ရဖို့ ကြိုးစားရင်း ကိုယ့်ကိုယ်ကို ပိုပြီးအန္တရာယ်ထဲ မထည့်မိဖို့က အရေးကြီးပါတယ်။ လုယက်ခံရတဲ့အချိန်မှာ အကောင်းဆုံးဆုံးဖြတ်ချက်က ကိုယ့်အသက်နဲ့ ကိုယ်ခန္ဓာလုံခြုံရေးကို ပထမဦးစားပေးပြီး အခြေအနေကနေ လွတ်မြောက်ဖို့ ဖြစ်ပါတယ်။

လုယက်ခံရရင်ဒါတွေလုပ်ပါ

ဖုန်း ဒါမှမဟုတ် ပိုက်ဆံအိတ် ပျောက်ဆုံးသွားရင် အဲဒီပစ္စည်းကို ပြန်လိုက်ရှာဖို့ တစ်ယောက်တည်း အန္တရာယ်ရှိတဲ့နေရာကို ပြန်မသွားသင့်ပါဘူး။

အနီးအနားက လုံခြုံတဲ့နေရာကို အရင်ရောက်အောင်သွားပြီး မိသားစုဝင်၊ ယုံကြည်ရသူ ဒါမှမဟုတ် သက်ဆိုင်ရာအာဏာပိုင်တွေကို အကြောင်းကြားပါ။ 

ဖုန်းပါသွားခဲ့ရင် ဘဏ်အကောင့်၊ Mobile Payment နဲ့ အရေးကြီးတဲ့ Account တွေကိုလည်း တခြားစက်ကနေ ဝင်ရောက်ပြီး လုံခြုံရေးအဆင့်တွေ ပြန်စစ်ဆေးဖို့လိုပါတယ်။

 

ယခုဆောင်းပါးသည် UK Metropolitan Police နှင့် Police.uk တို့၏ Public Safety နှင့် Mobile Phone Safety လမ်းညွှန်ချက်များကို အခြေခံရေးသားထားခြင်းဖြစ်ပါသည်။

User login

  • Reset your password

Update News

ဝါသနာကပေးတဲ့ ဝမ်းစာ
အသက်မွေးဝမ်းကျောင်းပုံစံတွေကပါ ပြောင်းလဲလာပြီ
ရန်ကုန်မြေနဲ့ ငလျင် အန္တရာယ်
 ငလျင်ကော်မတီက ဒုတိယဥက္ကဌ ဦးစောထွေးဇော်
အဲဒီးဒက်စ်၊ နိုက်ကီ၊ ဘာဘရီနဲ့ တကျော့ပြန် Vintage
ဒီဘက်ခေတ် လူငယ်တွေအတွက်ကတော့ Thrifting လုပ်တယ်ဆိုတာ စျေးသက်သက်သာသာနဲ့ အဝတ်အစားဝယ်ယူတယ်ဆိုတဲ့ ရည်ရွယ်ချက်ထက် ပိုပါတယ်။
သတင်းနှင့် ဖျော်ဖြေရေး
Meta ပေးဆောင်ရမယ့် ဒေါ်လာ ၉၄၂ သန်းဆိုတာ စွဲချက်နှစ်ခုက စီရင်ချက် နှစ်ခုကိုပေါင်းထားတာပါ။

Facebook နဲ့ Instagram တို့ရဲ့ မိခင်ကုမ္ပဏီ Meta ဟာ ကလေးသူငယ်တွေရဲ့ စိတ်ပိုင်းဆိုင်ရာကို သိလျက်နဲ့ ထိခိုက်စေခဲ့တာ၊ လိင်ပိုင်းဆိုင်ရာ ခေါင်းပုံဖြတ်ခံရတာတွေကို မတားဆီးဘဲ မျက်ကွယ်ပြုခဲ့တာတွေအတွက် ဒေါ်လာ ၉၄၂ သန်း (၁ ဘီလီယံနီးပါး) ပေးဆောင်ဖို့ အမေရိကန် တရားရုံးက အမိန့်ချမှတ်ပါတယ်။

Button Layout

Button Layout

Button Layout

Footer Main

Thanks for visiting us.