- 2 views
အိမ်သာသုံးလို့မရတဲ့ ရထားတစ်စီးပေါ်မှာ လန်ဒန်ကနေ စကော့တလန်အထိ ၅ နာရီနီးပါး အောင့်အီးပြီး လိုက်ပါသွားရမယ့် ဒုက္ခဆိုးကြီးတစ်ခုနဲ့ ဗြိတိန်ရထားစီးခရီးသည်တွေ ကြုံခဲ့ကြရပါတယ်။
ရထားပေါ်က သန့်စင်ခန်းတွေ အကုန်ပျက်နေတာသိရက်နဲ့ ခရီးစဉ်ကို မဖျက်ဘဲ ပြေးဆွဲခဲ့တဲ့ Lumo ရထားလိုင်းကြောင့် ခရီးသည်တွေ ဒေါသပေါက်ကွဲခဲ့ရပါတယ်။
ဘာတွေ ဖြစ်ကုန်တာလဲ
ဗြိတိန် တန်ဖိုးနည်း ရထားလိုင်း Lumo ဟာ မိုင် ၄၀၀ ကျော် (၄၁၇ မိုင်) ဝေးတဲ့ လန်ဒန် (Euston) နဲ့ စကော့တလန် (Stirling) ခရီးစဉ်မှာ အိမ်သာတစ်ခုမှ သုံးလို့မရတဲ့ ရထားကို ဆက်လက်ပြေးဆွဲခဲ့ပါတယ်။
မနက် ခြောက်နာရီကျော်မှာ ထွက်တဲ့ ရထားပေါ်တက်ကာမှ ရထားလိုင်းက X (Twitter) ပေါ်မှာ "စက်ပိုင်းဆိုင်ရာ ချို့ယွင်းချက်ကြောင့် အိမ်သာသုံးလို့ မရပါ၊ အကူအညီလိုရင် ဝန်ထမ်းတွေကို ပြောပါ" ဆိုပြီး တောင်းပန်စာ တင်ခဲ့တာပါ။
ဒါတင် မကသေးဘဲ လမ်းမှာ ၅၈ မိနစ် ကြန့်ကြာခဲ့တဲ့အပြင် မူလ သွားရမယ့် စတာလင်မြို့အထိ မရောက်ဘဲ လမ်းခုလတ် Motherwell ဘူတာမှာတင် ခရီးသည်တွေကို ဒီအတိုင်း ပစ်ထားခဲ့ပါသေးတယ်။
တစ်ပတ်နီးပါး ကြုံတွေ့ခဲ့ရတဲ့ ပြဿနာ
ဒီအိမ်သာပြဿနာဟာ ဩဂုတ် ၁ ရက်နေ့ကတည်းက စတင်ခဲ့တာဖြစ်ပြီး တစ်ပတ်နီးပါး ကြာတဲ့အထိ ရထားလိုင်းဘက်က မဖြေရှင်းနိုင်ခဲ့တာဖြစ်ပါတယ်။
"ငါတို့ ဆီးအောင့်ပြီး သေရမှာလား"
Lumo ရဲ့ တောင်းပန်စာအောက်မှာ ခရီးသည်တွေရဲ့ ဒေါသသံတွေ လျှံထွက်လာခဲ့ပါတယ်။ ခရီးသည်တစ်ဦးက "ဒါ တကယ်ကို စိတ်ပျက်စရာပဲ။ ကျန်းမာရေးအရ တစ်နာရီတစ်ခါ ဆီးသွားဖို့ လိုတဲ့သူတွေအတွက် ဒီလိုအခြေအနေမျိုးနဲ့ ရထားပြေးဆွဲတာ ဘယ်လိုဆင်ခြေပေးမလဲ" လို့ မေးခွန်းထုတ်ခဲ့ပြီး၊ နောက်တစ်ဦးကလည်း ဒီရထားလိုင်းကို "ပြင်းထန်တဲ့ ဘဏ္ဍာရေး ဒဏ်ခတ်မှု" လုပ်ဖို့ တောင်းဆိုခဲ့ကြပါတယ်။
ရထားလိုင်းရဲ့ ဆင်ခြေနဲ့ ဥပဒေ ဟာကွက်
Lumo ပြောရေးဆိုခွင့်ရှိသူကတော့ သန့်စင်ခန်းတွေ ယုံကြည်စိတ်ချရဖို့ ပြုပြင်ပေးတဲ့ Alstom ကုမ္ပဏီနဲ့ ပူးပေါင်းဆောင်ရွက်နေပါတယ်လို့ အေးအေးဆေးဆေးပဲ ဖြေရှင်းခဲ့ပါတယ်။
ပိုဆိုးတာက ဗြိတိန်ဥပဒေမှာ "ရထားပေါ်မှာ အိမ်သာ မဖြစ်မနေ ထည့်ပေးရမယ်" ဆိုတဲ့ ဥပဒေ မရှိတာပါပဲ။ ဒါကြောင့် ခရီးသည်တွေ ဘယ်လောက်ပဲ ဒေါသထွက်ထွက် Lumo ဘက်က တရားဥပဒေအရ ဘာအမှားမှ မလုပ်ထားသလို ဖြစ်နေပါတယ်။
ကံဆိုးချင်တော့ ဒေသတွင်းမှာ လျှပ်စစ်ဓာတ်အား ပြတ်တောက်တာ၊ အချက်ပြစနစ် ပျက်ယွင်းတာတွေကြောင့် ရထားလိုင်းတွေ ဆက်တိုက် ကြန့်ကြာနေချိန်မှာ ဒီ "အိမ်သာမပါတဲ့ ရထား" ပြဿနာပါ ထပ်တိုးလာတာကြောင့် ခရီးသည်တွေအတွက်တော့ တကယ်တမ်း ငရဲခန်း ဖြစ်ခဲ့ရပါတယ်။
